Follow Me on Twitter

Pages

Saturday, March 23, 2013

လက်တွဲဖော်

ကိုယ်ကတားလည်း
မကြားသယောင် ၊ နားမထောင်ဘဲ
" မောင်သွားရာလမ်း ၊ ကြမ်းရှပါစေ

လိုက်နေမှာပဲ " ၊ အတင်းဆွဲလို့
လက်တွဲမလွှတ် ၊ ဇွတ်တရွတ်နဲ့
ကျွတ်ဆတ်ဆတ် ကောင်မလေးရေ ...၊

ကိုယ်သွားမယ့်လမ်း
ကြမ်းမှန်းသိလျှက် ၊ လက်ဆက်မဖြုတ်
ခလုပ်တိုက်တိုက် ၊ စိတ်မခိုက်ပဲ
မင်းလိုက်ရဲတာ ၊ ကျေးဇူးပါပဲ ...၊

ဗလာထီးထီး
ကိုယ့်ခရီးပျက် ၊ မင်းမတွက်ပဲ
တက်တက်ကြွကြွ ၊ လိုက်ရဲမှတော့
ကိုယ်က ခေါ်ရတော့မှာပဲ ....၊

လာကွာ သွားစို့
စွန့်စားကြမယ် ၊ အားမငယ်နဲ့
တကယ်ရုန့်ရမ်း ၊ ကိုယ်တို့လမ်းမှာ
ကြမ်းရှရှတွေ ၊ ကြုံလေသမျှ
ရှေ့ကနေထိုင် ၊ ကိုယ်ရင်ဆိုင်မယ်
ကိုယ်တိုင်ရှေ့က ၊ မာန်မချပဲ
တွေ့သမျှဒဏ် ၊ ရင်စည်းခံမယ်

ဝေးလံခေါင်ဖျား ၊ ခရီးများကြောင့်
ကိုယ်အားစိတ်ပမ်း ၊ မင်းမနွမ်းနဲ့
နွမ်းချင်နွမ်းစမ်း ၊ ကိုယ်ပဲနွမ်းမယ်

ကိုယ်တို့လမ်းမှာ
နေကြမ်းဆယ်ဆူ ၊ တံခွန်ထူလို့
အပူဖြန်းဖြန်း ၊ မင်းမကျွမ်းနဲ့
ကျွမ်းချင်ကျွမ်းစမ်း ၊ ကိုယ်ပဲကျွမ်းမယ်

နှစ်ယောက်အတူ
ကြည်ဖြူနှစ်သက် ၊ ခရီးဆက်ရင်း
လမ်းထက်ဝက်မှာ ၊ ဝဋ်ကြမ္မာကြောင့်
ကမ္ဘာခြမ်းခြမ်း ၊ မင်းမလွမ်းနဲ့
လွမ်းချင်လွမ်းစမ်း ၊ ကိုယ်ပဲလွမ်းမယ်
ကိုယ်ပဲလွမ်းမယ် .......။

0 comments:

Post a Comment