Follow Me on Twitter

Pages

Wednesday, December 31, 2014

သရုပ်ဆောင်ပွဲ ရှင်းတမ်း

ခင်ဗျားတို့က ကျုပ်ဘဝကို
သုခရှိတယ် ထင်ကြမယ် ၊

သိပ်မှားတယ်ဗျာ
ငယ်ကတည်းက ၊ လမ်းမလှပဲ
  သောကဥခွံ ၊ သန္ဓေနွံထဲ
  ခြေကျွံပြုတ်ကျ ၊ ဆယ်မရတဲ့
ကျုပ်ဘဝပါ ၊

သုခဆိုတာ ၊ ဖွေရှာမတွေ့
ရင်ငွေ့စိမ်းစိမ်း ၊ အထပ်ထပ်လိမ်းတဲ့
အစိမ်းတွေကြား ၊ လမ်းသလားရင်း
ခါးခဲ့ရတဲ့ ဘဝပါ ၊

ငိုချင်ပါလျှက် ၊ မငိုရက်ပဲ
မြိုဝှက်သိပ်သည်း ၊ စောင့်စည်းရင်းက
သက်ပြင်းချသံ ၊ မမှန်မကန်နဲ့
ပြုံးဟန်ဆောင်ရ ၊ ကျုပ်ဘဝကို
သုခရှိတယ် ဆိုကြမလား ၊

  ပြောကြစမ်းလေ
  သေမတတ်ဒဏ် ၊ ကြံ့ကြံ့ခံရင်း
ရှင်းမရတဲ့ ၊ ဘဝသစ္စာ
ဝင်္ကပါဝဲ ၊ ဥခွံထဲမှာ
ဆွဲမိမိရာ ၊ ကုတ်ခြစ်ခွါရင်း
မာယာမျက်ဝန်း ၊ တစ်ဖက်စွန်းနဲ့
မယွန်းသော အပြုံး
အရှုံးမဲ့ မျက်နှာ
သာယာသော စကား
ဘဝမခါးသလို ကို
ခင်ဗျားတို့အမြင် ၊ သိပ်ပီပြင်တယ်ဆိုရင်ပေါ့
စင်တင်ဇာတ်ထုတ် ၊ မင်းသားကျုပ်ကို
သရုပ်ဆောင်ကြေး ပေးကြပါ .......။

0 comments:

Post a Comment