ဘယ်မှာလဲ ဟင် ၊
ချစ်ရေစင် အေးကြည်လဲ့
အိမ်ရဲ့ရင်ခွင် ၊
ညမဟုတ်ပေမယ့်
ဘ၀ရုပ် မကြည်လင်
မပီပြင်ေ၀၀ါး ၊
ပန်းမပျံ့နိုင်ပေဘူး
ယမ်းနံ့တွေ တဝေေ၀နဲ့
စစ်တစ္ဆေ ပျော်တဲ့လမ်းမှာ
နွမ်းတယ် သိလား ။
အုန်းလက်ဖျားဆီမှာဖြင့်
ငှက်များရဲ့ ဂေဟာ ၊
နေဇာမြက် ပင်ပျိုရဲ့
အမျှင်ကို ချီကောက်လို့
ဆွဲဆောက်ထားကာ ၊
စားကျက်ကွင်းဆီမှာပေါ့
ဝမ်းစာကို ဖြည့်တင်းလို့
နေအလင်း မှိန်အလာ
ဂေဟာသို့ ပြန်နား ၊
တို့တတွေ များမှာတော့
ပြန်သွားစရာ အိမ်မမြင်လို့
နေ၀င်ရင် မျက်ရည်စက်တွေနဲ့
ရှက်တယ် သိလား ။
ပါးပြင်ထက်ဆီက
မျက်ရည်စက် မခြောက်ခင် ၊
ဝုန်းဒိုင်းသံ ထင်ရာစိုင်းလို့
ရိုင်းတဲ့ မြေပြင် ၊
တောင်စောင်း ဂမူမှာတော့
ကြွက်ချောင်းသူ ကြောင်ကလေးနဲ့
ဟောင်တဲ့ခွေး ဖြစ်အင်
လွင့်စင်လို့ စုတ်ပြဲ ၊
မောင်လေး ဘယ်မှာလဲ
ညီလေး ဘယ်မှာလဲ
ညီမလေး ဘယ်မှာလဲ
စစ်မိစ္ဆာ စားကျက်ထဲမှာ
သေကွဲရှင်ကွဲ ။
တောင်စွယ်မှာ နေကွယ်သွားသော်လဲ
ခိုနားဖို့ နေရာ ၊
မီးခိုးတွေ တအူအူနဲ့
ပြာဖြူဖြူ ဘယ်ညာဝိုင်းလို့
ကြည့်တိုင်းဗလာ ၊
စိုးရွံ့ခြင်း ဝေဒနာနဲ့
သိမ်ငယ်စွာ လှဲကာချတော့
မြေကြီးက မွေ့ယာ
ထယ်စာက ခေါင်းအုံး ၊
ရွေးမရပါဘူး
ပေးသမျှ ကံအဟုန်နှင့်
နွေရဲ့ဇုန် ရိုးပြတ်တောမှာ
မောမောနှင့်ပုန်း ။
ဘုန်းဥကင်
သုံးလူ့ရှင် မြတ်ဗုဒ္ဓနှင့်
အဖဘုရား ၊
ထာဝရ မကြင်နာချင်စေတော့
မသေခင် ပြိုမသွားမယ့်
ကိုးစားရာ အိမ်ကလေးကို
ပေးလှည့်ပါလား ..........။
မှတ်ချက်.....။ဒီကဗျာလေးက တစ်ချိန်တုန်းက မြန်မာဆိုရှယ်ဆိုဒ်တစ်ခုမှာ ပြိုင်ပွဲဝင်ပြီး ပထမဆုရခဲ့ဖူးတဲ့ကဗျာလေးပါ ၊ ခု ပြန်တွေ့လို့ မျှဝေပေးတာပါ ။
0 comments:
Post a Comment