Follow Me on Twitter

Pages

Saturday, December 27, 2014

ပန်းနေကြာရဲ့ ဇာတ်ညွှန်း


ဝေမပျက်ပါဘူး
နေထွက်ရာ ဗဟိုပြုတဲ့
ဝါနုနု နေကြာပင် ၊

ဒေါသမာန် ကဆုန်စိုင်းလို့
မုန်တိုင်းလေ ဘယ်ညာခတ်ပေမယ့်
ခေါင်းမတ်ပုံ လည်မရွေ့
မာပါပေ့ အစဉ် ၊

မိုးသီးစုံ ၀ဲပျံလို့
သည်းထန်စွာ ရွာကာချစေတော့
အရှေ့မှ အရှေ့ပင်
မျက်နှာပြင် နောက်မလှည့် ၊

မာန်မတက်ပါဘူး
ဟန်မပျက် တင်းခံလို့
လောကဓံ ဘယ်ညာရမ်းစေတော့
သူ့လမ်းမှာ သူ့သိက္ခာနဲ့
သူ့သစ္စာ သူမဖောက်တယ်
အံ့လောက်ပါရဲ့...........။

မိခင်လောင်းသို့ အိတ်ဖွင့်ပေးစာ



သမိုင်းတကွေ့
ဓလေ့လူ့ရွာ ၊ ဤကမ္ဘာဝယ်
မြေလွှာကွဲအက် ၊ ဂဟက်ငလျင်

အပြင်းနှင်၍ ၊ ရာဇဝင်ထက်
မျိုးဆက်လူမျိုး ၊ ပျောက်ကွယ်ရိုးဟု
တိုးတိုးလေးပင် မကြားဖူး ။

စည်းစိမ်မော်ဖူး ၊ ရင်တွင်းရူး၍
မူးမူးမေ့မေ့ ၊ ဇောခွေ့ခွေ့လျှင်
အတွေ့သဘော ၊ စီးမျှောလိုက်ပါ
ကိုယ့်ခန္ဓာကို ၊ ဘာသာဖျက်ပိုး
လူမျိုးခြားလက် ၊ ဝ,ကွက်ထည့်မှ
မျိုးဆက်လည်းတုံး ၊ ပြည်လည်းဆုံးကြောင်း
ရှေးထုံးသာဓက မှတ်ဖူးသည် ။

သာယာသောပြည် ၊ နေခြည်မတိမ်း
မျိုးဆက်ထိန်းရန် ၊ ဝပ်ကိန်းစန္ဒာ
ရတနာတစ်ပါး ၊ သမီးအားလည်း
ငါးရာစစ်သည် ၊ ခွန်အားညီကြောင်း
ထုံးဟောင်းစကား ၊ သိ,ကြားဖူးသည် ။

လှသွေးစုံညီ
ဂုဏ်ရည်ရှုမညီး ၊ အို ....ချစ်သမီး
သမီးကညာ ၊ ခု ရုပ်ဝါက
ကြယ်ဝန်းခ,သည့် ၊ ငွေလပမာ
ကဗျာရှုံးအောင် ၊ အဆင်းဆောင်လည်း
  နောင်သောအခါ ၊ မိမာတာလျှင်
အစဉ်မလွဲ ၊ ဖြစ်လာမြဲမို့
ဝမ်းထဲကြည်ဖြူ ၊ သန္ဓေယူသော်
မည်းတူစုတ်ဖွား ၊လူ့ကပြားကို ယူမည်လား
  ရွှေသားရွှေနှစ် ၊ မျိုးဆက်သစ်ကို ယူမည်လား
သမီးဘယ်လိုစဉ်းစားမလဲ ....?

ကဲ သမီးရေ
  ပြည်ကြီးတိုက်ဘောင် ၊ ပြည်ထောင်စုဖွား
အမျိုးသားစစ် ၊ တည်တံ့ရစ်ဖို့
ဘာဖြစ်ဘာနေ ၊ မိုက်ချင်စေတော့
ဒီမြေဒီရေ ၊ မကြွေလိုသည့်
ဇာတိပုည ၊ မာန်မာနကို
လုံးဝ စိတ်ချနေချင်သည် .........။

လွမ်းသူရဲ့ ပွဲ


ဝေးကြပြီလေ……..။
စိတ်ကိုဖြေလည်း ဖြေရန်ခဲခက်
နီးရက်ကိုသာ မျှော်မိပါတယ် ၊

  မောလိုက်ကွယ်
ရင်ဝယ်ပဲ့ခြမ်း ယဲ့နွမ်းနွမ်းမို့
အလွမ်းတောင်ညို ပြိုဖို့ငိုလည်း
အို. . .ဒီအလွမ်း သူ့ဇာတ်လမ်းရှည်
မဆုံးပြီပဲ ၊

လွမ်းသူရဲ့ ပွဲ ငါမနွှဲလို
  တောင်းဆုဆိုလည်း ဆိုလို့မရ
ကျတဲ့မျက်ရည် ဖွဲ့ကာသီရင်း
  ဖြေဆည်ဝေးနေ လွမ်းဝေဝေမိ ၊

  ကျေ ကျေစေတော့ ရင်ကိုကော့လည်း
  ဖြူဖျော့သောရင် နာကျင်နေမြဲ ၊

  နေကျဲကျဲထဲ အားခဲလည်းလေ
ဖူးဝေလုလု ရွက်ကြွေနုလို
ရင်ထုတခို လွမ်းတေးဆိုရင်း
အို . . . ပါဝင်တင်ဆက်နေရသူ . . . .။

ပိတောက်မာန်





" နွေ " တဲ့
 နေပူနဲ့ လာတဲ့အခါ ၊

ဒူးမထောက်ပါဘူး
ဖူးအငေါက် ကော့ပျံလို့
  ကျော့ကျော့မာန် အလံလွှမ်းပါရဲ့
ပန်းပိတောက်ဝါ ၊

မောင်လေးရေ လာ
ညီလေးရေ လာ
ညီမလေးရေ လာ
ပိတောက်ဝါ စိတ်ထား ၊

ဘဝနွေ ဇုံထဲမှာ
ပုံလှဲမယ့် အမြောက်ဆံနဲ့
အကောက်ကြံ အမှန်ထုစေတော့
အကြောက်ဒဏ် ရန်မပြုစေနဲ့
ပိတောက်မာန် ဟန်ကိုရှုလို့
တုလိုက်စို့လား ........။

Friday, December 26, 2014

ယုံ






မချစ်တတ် ချစ်တတ် ၊ သင်ပညတ်စဉ်
ရှက်တတ်လေသော ၊ လူ့သဘောမို့
ရင်မောလုပ်ရှားမိခဲ့တယ် ။

ဟိုတုန်းကများ
ချစ်စကားကို ၊ ဝှက်ထားမြိုသိပ်
မုန်းအရိပ်မှာ ၊ ပုန်းအိပ်အမြဲ နေခဲ့တယ် ။

အခုများတော့
အသဲပျော့ညက် ၊ သနားဖက်ကာ
အိပ်မက်မှာလို ၊ တကယ်လိုနှင့်
သူ့ကို လက်လှမ်းကြိုခဲ့တယ် ။

အိပ်မက်သာလျှင် ၊ ဖြစ်စေချင်တယ်
တမင်မေ့ထား ၊ အတိတ်များနှင့်
ဝေးသွားပြီးမှ ၊ နီးပြန်ရမို့
စိတ်ကတွယ်တာ ၊ မရေရာဘူး
“ ချစ်တာလွယ်လျှက် ၊ ယုံရခက်တယ်”
ဝဋ်ရက်မြန်မြန် ကုန်ပါကွယ် ။

သြော် ….မချစ်တတ်ချစ်တတ် ၊ သင်ပညတ်စဉ်
ရှက်တတ်လေသော ၊ လူ့သဘောမို့
ရင်မောလုပ်ရှားခဲ့တာ …….ယုံ ။( မုန်း- ရန်ကုန်တက္ကသိုလ်)

အယူခံ နှင်းဆီ




တို့ထိုက်နဲ့ တို့ကံ ၊

ပင်စည်မှာ ဆူးခံတော့
အရူးမာန် လာသမုတ်တယ်
  သြော်.... ယုတ္တိမတန် ၊

ဝတ်ရည်စုပ် ပျားဒဏ်ကြောင့်
အလှဘဏ် ပွင့်ချပ်တို့
ေ ကြွေတတ်လို့ ဆူးရံ
အရူးမာန် ထင်နေလား ၊

မမှောက်မှားပါနဲ့
  ထောက်ထားစိတ် အရင်းတည်လို့
မနှင်းဆီ လှပခွင့်ကို
  မြင့်ပေးပါလား .......။

ကျောင်းသူလေး...သို့



♥~~~~~~~~~~~~~~~~~~♥
♥………အင်္ကျီဖြူဖြူ ၊ စိတ်ထားဖြူ
♥………ကျောင်းသူ … ကောင်မလေး ။
♥………လုံချည် စိမ်းစိမ်း ၊ လေ စိမ်းစိမ်း
♥………နွဲ့ယိမ်း … သူရှောင်ပြေး ။
♥………ငယ်သေးချိန်မှာ ၊ ပညာ ရှာ
♥………တီတာ … ဆိုတတ်သေး ။
♥………က ကလေးငယ် ၊ ချစ်စဖွယ်
♥………ချစ်တယ် … ကောင်မလေး ။
♥………ခ ခရေကုံး ၊ ပုလဲလုံး
♥………သီကုံး … သူ့ လက်ရေး ။
♥………ဂ ဂဏန်းသင် ၊ ပျော်ပျော်ရွှင်
♥………ကျောင်းတွင် … ပျော်သူလေး ။
♥………ဆရာလည်း ချစ် ၊ စာလည်း တစ်
♥………အပြစ် … ကင်းသူလေး ။
♥………ပါးပကွက်ကြား ၊ သနပ်ခါး
♥………ရိုးသား … ယဉ်ယဉ်ကျေး ။
♥………ပေးတဲ့ မေတ္တာ ၊ ရေးတဲ့စာ
♥………ပြန်စာ … မလာသေး ။
♥………ယ ယမင်းခင် ၊ ကကြိုးစင်
♥………ပုံပြင် … လေချိုသွေး ။
♥………ရ ရထားကြီး ၊ ပျော်ပျော်စီး
♥………ကျောင်းပြီး … ပြန်ကာ ပြေး ။
♥………လ လ၀ါဝါ ၊ ထိန်ထိန်သာ
♥………အိမ်မှာ … လွမ်းကာဆွေး ။
♥………အတွေးနဲ့တင် ၊ ကျနော့် ရင်
♥………ဘောင်ဘင် … စိတ်က လေး ။
♥………ကျောင်း မပိတ်ခင် ၊ အသင့်ပြင်
♥………ချစ်ရင် … ပြန်စာပေး ။
♥………ဖြူဖြူ သွဲ့သွဲ့ ၊ မူ နွဲ့နွဲ့
♥………ချစ်တဲ့ .. ကျောင်းသူလေး ။
နွေဦးမောင်မောင်
( ငယ်ငယ်က စာဥကို သတိရလို့ သူငယ်ပြန်ကြည့်တာ ) :D

ဖြူစင်သော မေတ္တာ


တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…

“ဖေဖေ မြန်မြန် ပြန်လာတော…့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”

အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…
ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်…
 “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…
နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…


တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…


“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”


ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…
ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…


“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”


ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်းကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…


“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”


“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…

“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥
အေးချမ်းမွန်မှ သတင်းစုံလင် ဖေ.ဘုတ်တခွင် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

https://www.facebook.com/excellencemedia

ဘဝဖတ်စာ


သူငယ်ချင်း
တခါတုန်းကပေါ့ လူတစ်ယောက်ဟာ အိမ်ဆောက်မယ်ဆိုတဲ့စိတ်ကူးနဲ့ အိမ်တိုင်ခုတ်ဖို့ ထွက်လာတော့ ငှက်ပြောတောကြီးထဲရောက်လာခဲ့တယ် ၊ အဲဒီနေရာက မြေသြဇာကောင်းတဲ့နေရာဆိုတော့ ငှက်ပျောပင်တွေက ထွားထွားကြိုင်းကြိုင်းကြီးတွေပဲတဲ့ ၊ 

ဒီလူက ဒါကို ငှက်ပျောပင်မှန်းမသိတော့ " ဟုတ်ပြီ ဒီလောက်ကြီးတဲ့သစ်ပင်ကြီးတွေမှာ အနှစ်ရှိရမယ် ၊ အကာတွေခွါပြီး အနှစ်နဲ့အိမ်ဆောက်မယ် " ဆိုတဲ့အတွေးနဲ့ ငှက်ပျောပင်တွေကို တူးယူပြီး အိမ်သယ်လာခဲ့တယ်၊ ဒါပေမယ့် အိမ်ရောက်လို့ အကာတွေ အခွံတွေကို ခွါကြည့်တော့မှ ခွါရင်းခွါရင်း ငှက်ပျောတစ်ပင်လုံးသာ ပြောင်သွားတယ်၊ သူလိုချင်တဲ့အနှစ်ကို မတွေ့ရဘူးတဲ့ ၊ 

ငါတို့ဘဝတွေကလဲ ဒီအတိုင်းပါပဲ၊ ငါတို့ကတော့ ဘာမသိညာမသိနဲ့ ကိုယ့်ဘဝကိုယ် အထင်ကြီးနေလိုက်ရတာ၊ ကိုယ့်ဘာသာ အားမနာတမ်းဝေဖန်ခွဲခြမ်းစိတ်ဖြာပြီး အကာတွေ အခွံတွေကို ခွါကြည့်လိုက်မှ ဘာအနှစ်မှ မရှိတော့ဘူးသူငယ်ချင်း ...........။

လှေငယ်ရှင်....သို့


 သူငယ်ချင်း
ရည်မှန်းချက်ကြီးကြီးနဲ့ ဇာတိကိုအပြီးပိုင်စွန့်လို့ နိုင်ငံရပ်ခြားထွက်ခွါသွားတော့မယ့် မင်းအတွက် လက်ဆောင်လေးတစ်ခု ပေးလိုက်ပါရစေ၊ မင်းရင်ထဲ ထည့်သွားပေးပါ ၊ တစ်ခါတုန်းကပေါ့ လူတစ်ယောက်ဟာ ချောင်းငယ်ကျဉ်းကျဉ်းလေးတစ်ခုထဲကနေ လှေကလေးတစ်စင်းနဲ့ ခရီးထွက်ခဲ့တယ်၊

ဒီလူဟာ လှော်ရင်းခတ်ရင်းငေးမောရင်းနဲ့  ချောင်းကြီးတစ်ခုထဲ တဖြည်းဖြည်း ရောက်လာတယ်၊ ချောင်းကြီးလာတော့ ရေပြင်ကလဲကျယ်လာတယ် ရှုခင်းမြင်ကွင်းတွေကလဲ ပိုလှလာတယ် ၊ ဒီလူဟာ ဒါတွေကိုကြည့်ပြီး သိပ်ပျော်သွားတာပဲတဲ့ ၊ မြင်ရတဲ့ ရှုခင်းသစ်မြင်ကွင်းသစ်တွေကို တမေ့တမော ငေးလို့ ပျော်လို့ လှော်ခတ်လာလိုက်တာ တစ်ဖြည်းဖြည်းနဲ့ မြစ်တစ်ခုထဲ ရောက်လာပြန်တယ် ၊ လှေငယ်ရှင်လူကလဲ ပိုပြီးကျေနပ် ပိုပြီးပျော်လာမိပြန်တယ်၊ သူရှေ့တိုးလေလေ လှသထက်လှပတဲ့ ရှုခင်းမြင်ကွင်းတွေကို မြင်ရလေလေမို့ နောက်လှည့်ဖို့ နည်းနည်းမှ စိတ်ကူးမရှိတော့ဘူး၊ ဒီလိုနဲ့ ဆက်သွားလိုက်တာ မြစ်ငယ်ကနေ မြစ်ကြီး ၊

 မြစ်ကြီးကနေ ပင်လယ်ထဲရောက်လာတော့တယ် ၊ ဒီအထိ လှေငယ်ရှင်ဟာကျေနပ်နေတုန်းပဲတဲ့ ၊ နောက်တော့ ပင်လယ်က တစ်ဖြည်းဖြည်း ကျယ်မှန်းမသိကျယ်လာပြီး သမုဒ္ဒရာကြီးထဲရောက်လာတယ်၊ သမုဒ္ဒရာကြီးထဲရောက်လို့မှ မကြာပါဘူး ၊ သမုဒ္ဒရာကြီးရဲ့ထုံးစံအတိုင်း လှိုင်းတွေ တံပိုးတွေ ဝဲတွေ ဂဟက်တွေကြီးလာတဲ့အခါမှာ သူ့လှေငယ်ကလေးဟာ ဘယ်လိုမှထိန်းမရတော့ပဲ ရေအလယ်မှာ စုံးစုံးနစ်ရော့ တဲ့ ၊ ဒီတော့မှ လှေငယ်ရှင်ဟာ အရမ်းနောင်တရသွားတယ် ၊

 သူ့လှေကလေးနဲ့အတူ သူနစ်မြုပ်ခါနီးမှာ သူ့ခေါင်းထဲ အရင်ဆုံးသတိရလိုက်တာက ပထမဆုံးထွက်လာခဲ့တဲ့ ရေချောင်းကျဉ်းကျဉ်းလေးကိုပဲတဲ့ ၊ ငါပေးလိုက်ချင်တဲ့လက်ဆောင်လေးက ဒါလေးပါသူငယ်ချင်း ၊ မင်းဘဝမှာ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲကြုံကြုံ ဘယ်အရပ်ကိုပဲရောက်ရောက် နိမ့်နိမ့်မြင့်မြင့် ဘဝမမေ့စေချင်လို့ ဒီလက်ဆောင်လေးကို ပေးဖို့ ရည်ရွယ်မိတာပါ ၊ လူရယ်လို့ဖြစ်လာမှတော့ ပုံပြင်ထဲကလှေငယ်ရှင်လို စွန့်တာတော့ စွန့်စားရမှာပဲ ၊ ဒါပေမယ့် လှေငယ်ရှင်လိုတော့ သမုဒ္ဒရာထဲရောက်တဲ့အထိသွားပြီး ဘယ်တော့မှ လှေနစ်မခံပါနဲ့ ၊ ကိုယ့်လှေနဲ့ ရေလှိုင်း မနိုင်တော့ဘူးထင်တာနဲ့ နောက်ကြောင်းသာ ပြန်လှော်ခဲ့ပါ ၊ သူငယ်ချင်းစပြီး ထွက်သွားတဲ့ ချောင်းငယ်ကလေးဟာ ကျဉ်းကျဉ်းလေးပေမယ့် သူငယ်ချင်းကို ဘယ်တော့မှ အန္တရာယ်မပေးပါဘူး........။

သဇင်မိန့်ခွန်း

ဘာဖြစ်လို့လဲ ဟင် ၊

ချစ်ဗျူဟာ ဖွဲ့ဆင်လို့
ဒီကလေ တမင်ယိမ်းတော့
သူကလေ တမင်တိမ်းတယ်
သူစိမ်းပြင်ပြင် ၊

ဘယ်အတွေး ဘယ်အထင်နဲ့
ဘယ်လိုမြင် ဘယ်အပြစ်တွေကြောင့်
တို့အချစ် တို့ပုံပြင်
ကြုံတိုင်းပင် " ဟင့်အင်း " ၊

တို့ချစ်ခြင်းများတွင်
အပြစ်မကင်းလို့လား ဟင်လို့
ရင်နင့်စွာ သူ့ကိုမေးတော့
ကလေးတစ်ယောက်လို ရယ်သံနဲ့
ကိုယ်ဟန်တွေ တမင်လုပ်ကာ
" အနုတ်လက္ခဏာပြနေတဲ့
စုတ်ချာချာ ဘဝနွေထဲကိုပေါ့
မိုက်မဲစွာ မဝင်ရဲသူမို့
အသဲဆယ်ဆူ ကွဲပါစေ
ဆောရီးပါပဲ သူရေ " တဲ့
တွေးလေလေ အခံခက်အောင်
ဆိုရက်လေခြင်း ..........။

အမည်မသိ အလွမ်း

သူသိရင် မြူးရယ်လို့
ရူးတယ်ပဲ ဆိုမယ် ၊

မမြင်ဖူးပါပဲနဲ့
စိတ်ကူးယဉ် အိမ်ဆောက်လို့
တစ်ယောက်ထဲ အိပ်မက်နေမိတာကိုတော့
ကိုယ့်ဘာသာ ဖုံးကာဖွက်ကာ
တွေးရှက်ပါတယ် ၊

ရှေးရေစက် ဝေးလံလို့
သူ့သဏ္ဌာန် မြင်ရန်ခက်ပေမယ့်
အိပ်မက်ထဲမှာတော့ ရဟတ်သဖွယ်
ပတ်ချာလည်လို့ နေခဲ့ ၊

မိုးကြိုးပစ်ပါစေရဲ့
ကိုယ့်အဖြစ် ကိုယ်ရှက်လို့
အိပ်မက်တွေ ပျံအထွက်မှာတော့
ကာရန်ပျက် စကားတွေနဲ့
ဝိုးတဝါး ဖွဲ့သီဆိုလို့
သူ့ပုံကို မိတ္တူဖမ်းကာ
လွမ်းမိပါရဲ့  . . . . . . . . . .။

သဲသဲရှက်ရှက်

ဘယ်သူမြင် ဘယ်သူသိမှာလဲ
ဒီရင်ထဲ သူရှိတယ် ၊

တရစ်ဝဲ လည်လည်နဲ့
သူ့ငှက်ငယ် အရိပ်ပူးလို့
စိတ်ကူးဖလှယ် ၊
 
 
ပိတောက်ပွဲမှာလဲ
နှစ်ယောက်ထဲပါပဲ
ချစ်ရည်ရွှဲ ဝင်္ကပါနဲ့
ရင်ထဲမှာ ကြိတ်ရူးလို့
မအိပ်ဘူး တကယ်
သိပ်ပျော်တယ် သိလား ၊

ဟင်းနော်
ချစ်အဖော် အရိပ်ဦးမှာ
တိတ်တိတ်ရူး ဆိုပေမယ့်
စိတ်ကူးကို နင်းကျော်လို့
အတင်းနော် လာမဖက်နဲ့
အို . . . . . . . . . . .
ရှက်တယ်နော် . . . သွား ။
 

အလွမ်းတစ်ပုဒ်

ဦး
ရူးတော့မယ်ကွယ် …။

နွေရဲ့နေ့လည် မိုးတိမ်ဖယ်တော့
ပျားငယ်မလာ လိပ်ပြာမဝဲ
နေကျဲကျဲမှာ ဝမ်းနည်းအားငယ်
စိုးစိတ်နွယ်တဲ့
ပန်းငယ်လို နွမ်း
လွမ်း……လွမ်းလွန်းလို့
တမ်း……တမ်းတလို့
ကျတဲ့မျက်ရည် ရေကြည်မတိတ်
မှေးမှိတ်မပျော် ဖြေဖျော်မရ
နေ့နဲ့ညမှား မရှက်အားဘူး....။

ဦး
ရူးတော့မယ်ကွယ်……….။


ပျော်လိုက်မှာပဲ

ဖက်ထားနော် . . . ကွယ် ၊

အပြစ်ရယ် မမြင်ပါပဲ
ရင်ခွင်မှာ အချစ်ပန်းတွေနဲ့
ပွင့်လန်းပါ့မယ် ၊

အကြင်နာ တိမ်းပါးလို့
စိမ်းကားစွာ ပစ်မသွားရင်ပဲ
တွယ်တာစိတ်များနဲ့ ကျီစယ်
ကြည်နူးမယ် ရင်ထဲ ၊

သခင်ရယ်
မာလာငွေ သစ္စာဦးမှာ
သီကျူးစရာ ကဗျာချိုချိုမရှိပါလဲ
နေမထိထိုင်မသာ အဖြစ်မသဲပါဘူး
ကျန်ရစ်သူမဖြစ်ရင် ကျေနပ်ပါရဲ့
ချစ်တတ်ခဲ့လွန်းသူမို့
လမ်းအတူ ထွက်အလျှောက်မှာ
ပြောင်မြောက်စွာ သခင်ရိုက်စေတော့
ပျော်လိုက်မှာပဲ . . . . . ။

စည်း

မခင်ဖူးပေမယ့် မနှင်ဘူး တကယ် ၊
မယစ်မူးပေမယ့်
မပစ်ဘူး နားလည်၊
အချစ်ရူး မှားမယ်
စည်းများတယ် ကြည့်ထား ၊
မိတ်ကပ်ဖြူ ပုံမှန်လိမ်းပေမယ့်
စိမ်းနေတဲ့ပါး.......။


နင့်ကို ငါမချစ်ဘူး

ငါ့အရိပ်ငါ ပြန်မြင်တိုင်း
ငါ့လိပ်ပြာ သန့်တယ်
နင့်အသဲ ကွဲတဲ့ပြဿနာ
ငါ့မှာ တာဝန်မရှိဘူး
နင်သာ အရူး . . . ။

နင့်ကို ငါမခေါ်ခဲ့ဘူး
နင့်ကို ငါမနှင်ခဲ့ဘူး
ငါမဟုတ်တဲ့ ငါ့အရိပ်ကို
သံယောဇဉ်ကြိုးနဲ့ ချည်တုပ်
အဲဒါ နင့်အရှုပ်လား
ပြောစမ်း . . . အဲဒါ ငါ့အထုပ်လား . . .။

ဆံနွယ်မှာချည်ထားတဲ့ ငါ့ဖဲကြိုး
တိတ်တဆိတ် ဖြုတ်ခိုး
ပြီးတော့မှ ကိုယ်ကျိုးနည်းရပါပြီတဲ့
တော်တော်ပလီပလာများတဲ့ သတ္တဝါ
အသဲကင်ဆာဖြစ်ပြီး သေဖို့သင့်နေပြီ
တော်ပြီ
ငါ စာကျက်လိုက်ဦးမယ် . . . . .။

ဝေဒနာည

ကြယ်စင်တွေ ကြွေကျတဲ့
နွေညရဲ့ အလယ် ၊

မဖျက်သာတဲ့
တစ်သက်တာ လမ်းအခွဲမို့
ရင်ထဲမှာ နာကျင်ကျင်နဲ့
မကြာခင် ဒီကအသဲတော့
ကွဲရတော့မယ် ၊

ကောင်လေးရယ်
ရှောင်မပြေးတဲ့
ကောင်မလေးရေ တာ့တာလို့
လက်ပြကာ နုတ်မဆက်နဲ့
ရုတ်တရက် ခွေယိုင်လည်
သေနိုင်တယ် သိရဲ့လား ၊

စည်းပတ်ချာလည် ခြားလို့
နုတ်ဆက်စကားတွေနဲ့
ရုတ်တရက် ထွက်ခွါသွားရင်ပေါ့
အသက်ပင် ပါသွားနိုင်တာမို့
စိတ်ခိုင်စွာ နေမရပါပဲ
” တာ့တာ ” ကို မလိုအမုန်းနဲ့
တကိုယ်လုံး အပူထိလို့
ငိုမိသူ ပျော်ပျော်အိပ်ခါမှ
တိတ်တိတ်လေးသွား . . . . .။

ကျွန်မပန်းသည်

သဘာဝ စန်းတွေနဲ့
အလှပန်း ပီပီ ၊

ရှေးကုသိုလ် ကံမမှီတော့
လေနီနီ ဘဝကြမ်းတွေနဲ့
ငွေဇာခြည် အလှနွမ်းပါရဲ့
ကျွန်မ ပန်းသည် ၊

မဝယ်ဘူး
ကိုယ်တိုင်ခူး ကိုယ်တိုင်သီ
ညီညီစီ ခရေကုံး ၊

ဦးဦး, ဒေါ်ဒေါ်တို့
မမ, ကိုကိုတို့
မြတ်ကုသိုလ် မင်္ဂလာနှင့်
ကေသာမှာ ဆင်ကာသ,ရအောင်
ဝယ်ကြပါဦး ………။

သိပ်ပျော်တာပဲ

တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို ပိတောက်လို့
ခေတ်အောက်ဖွယ် ဒီအသုံးတွေနဲ့
သီကုံးကာ ပမာနှိုင်းရရင်
ရိုင်းပြမယ် ထင်တယ် ၊

ချစ်ရက်ရှည် တိတ်တခိုးနဲ့
မြတ်နိုးသူ တို့ရင်ထဲမှာ
အသည်း ရွှေပလ္လင်ပြိုလို့
ညညဆို အိပ်မရ
သူမှ သူရယ် ၊

မကြေငြာတတ်သူမို့
ချစ်သဲအူ သူမသိပေမယ့်
ချစ်မိသူ တို့ရင်ထဲမှာတော့
ကြင်နာတဲ့ပွဲ ရောင်စုံခြယ်
ကြည်နူးတယ် အမြဲ ၊

သူမသိပေမယ့်လဲ
သူရှိတဲ့ တို့ရင်ထဲ
မခံချိမခံသာ အဖြစ်မသဲပါဘူး
ရင်ထဲ ထားခွင့်ရရုံနဲ့
ပွင့်ချပ်တွေ တကယ်စုံလို့
ရွက်ချပ်အုံ ခြုံအရိပ်မှာ
သိပ်ပျော်တာပဲ . . . . . . ။

ဆဋ္ဌမအာရုံရဲ့စာအုပ်

ကံဆိုတာ ရှိသလား
ထာဝရဘုရားသခင်ကိုကော ဘယ်လိုယုံရမှာလဲ
တွေးမိတိုင်း မသဲမကွဲပါပဲ

နူးညံ့သိမ်မွေ့လွန်းတဲ့ ဘဝတစ်ခုနဲ့
ကြမ်းတမ်းရက်စက်လွန်းတဲ့ လောက
ဘယ်လိုမှ သဟဇာတမဖြစ်လို့
အချစ်ကို ရှာတယ် မေတ္တာမတွေ့ဘူး

မသဲမကွဲတွေကြားမှာ လျှပ်တပြက်လင်းလက်
ရဲဘော်ရဲဘက်ဆိုတဲ့သူငယ်ချင်းတွေနဲ့ ချိတ်ဆက်လို့
စိတ်ဓာတ်ခွန်အားလေးတွေ တက်နေတုန်း
ဝုန်းဆို . . . . . . . . . . .
လက်သီးပုန်းနဲ့ အလစ်ထိုးခံလိုက်ရတယ်
သူတို့ ငါ့အပေါ်မရိုးသားကြဘူး

ငါ့ကို ကွန်မြူနစ်အဖြစ် ထုဆစ်နေကြသလားမသိပါဘူး
ကြည့်လေ . . . ဆရာဆိုလဲ ဟုတ်ရဲ့
ခေါင်းဆောင်ဆိုလဲ မှန်ရဲ့
ကျေးဇူးတရားဆိုတဲ့ ဝေါဟာရကြီးနဲ့
နယ်ပယ်ချဲ့ထွင်ထားလိုက်တာကလဲ အနန္တစကြာဝဠာ
ကိုယ်နဲ့ ကိုယ့်မိသားစုကောင်းစားရေးဆိုတဲ့
အတ္တလိပ်ခေါင်းအကြီးကြီးကတော့ စူထွက်လို့
ရှက်လဲမရှက်ကြဘူး
သြော် . . . ပြောရဦးမယ်
အဲဒီလိပ်ခေါင်းကြီးကို ပူဇော်ပသမှုမပြုလို့တဲ့
ငါ့ကို သုဿာန်ထုတ်ပစ်လိုက်ကြတယ်

တိုးတိုးကလေး မေးစမ်းပါရစေ
အများရဲ့ဆန္ဒကို ဥပေက္ခာပြု
ကိုယ့်မိသားစုကွက်ကွက်လေးအတွက်သာ ရှေ့ရှု
အများကို ကိုယ်စားပြုသူတွေကိုတော့ ဖိထောင်း
ဒါ . . . ခေါင်းဆောင်ကောင်းလား
လူငယ်ဆိုတာ လူကြီးတွေရဲ့ကစားကွက်လား
ဒါတော့ လုံးဝမတရားပါဘူး

လူကြီးနဲ့လူငယ်ကြားက ကျေးဇူးတရားကိုတော့
ချွင်းချက်မရှိ အသိအမှတ်ပြုပါတယ်
ဒါပေမယ့် အဲဒီကျေးဇူးတရားကို
ကိုယ့်မိသားစုစနစ်ထဲ ကန်သွင်း
ကိုယ့်အတွေးအမြင်ဓားတုံးတုံးကြီးနဲ့ ခုတ်ဖြတ်
ခြေနင်းခုံနေရာမှာ ခုတုံးလုပ်
ထဘီနဲ့အုပ်ချင်တဲ့ အကြံအစည်က်ုတော့ ရွံတယ်
တောက် . . .တွေးတိုင်း စိတ်ပေါက်တယ်

မင်းတို့သာ တကယ်ရိုးသားပေးမယ်ဆိုရင်
နည်းမှား လမ်းမှား စနစ်မှား အကျင့်မှားတွေနဲ့
အားလုံး ကစင့်ကလျားဖြစ်နေပါစေ
ငါ ငရဲသွားပေးနိုင်တယ်
ငါ့ကိုသာ မင်းတို့ဇယားမဆွဲပါနဲ့
ဘဝပေးတာဝန်နဲ့ အခြေအနေအရ
အများရဲ့ လှည်းကျိုးကိုပဲ ထမ်းမယ်
မင်းတို့ရဲ့အတ္တထမ်းပိုးကိုတော့ မထမ်းဘူး စိတ်ချ
ငါ့ဘဝနဲ့ ငါ လှပစ်လိုက်မယ် . . . . .။

ဗလာ ည

လွမ်းစရာမရှိပဲ လွမ်းနေရတာ
အရမ်းပင်ပန်းတာပဲ
စာမပါတဲ့ စာအိတ်ကို
ခဏခဏ ဖောက်ဖတ်နေရသလိုပဲ
ကော်ဖီနဲ့ ဘီယာကိုသာ
ရောသောက်ပစ်ချင်တော့တယ်
ခေါင်းအုံးစွပ်မပါတဲ့ ခေါင်းအုံးနဲ့
တစ်ခါတစ်လေ အိပ်ခဲ့ဖူးမယ်ဆိုရင်
ငါ့အလွမ်းကို နင်မြတ်နိုးမိမှာပါ
ပြီးတော့ ………….
စာနာနားလည်ပေးတတ်မှာပါ
လိပ်ပြာကလေးရယ်
ငါ့အိပ်မက်ထဲ ပျံခဲ့ပါ
မီးပိတ်ပြီး ငါမအိပ်တတ်ပေမယ့်
မီးပိတ်ပြီးအိပ်တတ်အောင် ငါကြိုးစားပါ့မယ် ...။

ရှင်းတယ်နော်

ငါ့ကို ထားသွားလို့ကတော့
နင့်ကို အရှင်မထားဘူး
♥~~~~~ဘာ~~~~~~~~♥
♥………....ဘာ.......♥
.....……♥……ဘာ~~~~~
♥….....♥….. ..♥........
♥.....♥……♥……♥…..♥………....
♥………♥…… ♥……♥……♥…...♥
မရဘူးကွာ ...ချစ်မှာပဲ
အသဲကွဲရင် ခေါက်ထားလိုက်
ရည်းစားရှိရင် လမ်းခွဲပေး
စေ့စပ်ထားရင် ဖျက်သိမ်းပစ်
လက်ထပ်ပြီးရင် ကွာရှင်းလိုက်

ကလေးရှိရင် ပြန်အမ်းလိုက်~~♥
...............
♥....♥.....♥.....♥.
♥~~~ ♥~~~♥~~~♥♥♥~~~♥

ပုံပြင်ရထားရဲ့အပိုင်းအစများ

 တို့နှစ်ယောက်
ဆုံဆည်းခဲ့ကြတဲ့ အဟောင်းအိမ်လေးထဲမှာ
အပြာရောင် မျက်ရည်တွေနဲ့

ငါ တစ်ယောက်ထဲ နေခဲ့ရပြီ ။

သိခဲ့ဖို့ ကောင်းပါတယ်
ပတ်တီးအထပ်ထပ်နဲ့ ငါ့အနာဂတ်ကို
ဘယ်သူက ....လက်ထပ်ယူဝံ့ပါ့မလဲဆိုတာ ။

တိတ်တဆိတ်နမ်းပြီး
တိတ်တဆိတ် လမ်းခွဲထွက်သူရေ ....
" ချစ်သူတွေပါ " လို့
ကျူးရင့်ခွင့်မရနိုင်တော့တဲ့ အခြေအနေမှာ
ငါ့ရင်ဘတ်ထဲကို
မင်း ဝင်ကြည့်ပေးနိုင်ပါဦးမလား
မင်းပေးခဲ့တဲ့ ဒဏ်ရာအနမ်းတွေ
တကယ်တော့ .... မနွမ်းကြွေသေးပါဘူး
ဒုတိယချစ်သူဆိုပေမယ့်
ပထမနှလုံးသားနဲ့ ရင်းခဲ့ရသူပါ ။

" ကို ရယ် မဝေးရဲဘူး ၊ ရူးကျန်လိမ့်မယ် " တဲ့
ပြောတတ်လိုက်တာ
တကယ်ဆို ... တကယ်ရူးရသူက
တကယ်ချစ်တဲ့ ဒီလူရယ်ပါ
နေ့နဲ့ညတွေ မှုန်ဝါး
အစာအာဟာတွေ ချို့တဲ့
နေ့စဉ် ကျောင်းပျက်ရတဲ့ အဖြစ်နဲ့ပေါ့ ။
မင်းမျက်လုံးတွေကို
ဖတ်ခဲ့မိတဲ့ တစ်နေ့ကလေ ....
ပြောင်းလှဲတတ်တဲ့ သစ္စာတရားရဲ့အောက်မှာ
ဒီလူ........သေလုမျှောပါးခံစားလိုက်ရပြီး
လမ်းခွဲဖို့ သတ္တိမရှိပေမယ့်
ငါ.....လမ်းခွဲခဲ့ရပါတယ်
အဲဒီနေ့
အောက်တိုဘာလရဲ့ တတိယအင်္ဂါ
အဆုံးသတ် မျဉ်းပေါ်က
ချစ်သူသက်တမ်း (9)လ ပြည့်တဲ့နေ့ပေါ့
မလိုအပ်တော့ဘူး ထင်လို့
နုတ်ထွက်ခွင့် တောင်းသူကို
စကားလုံးလှလှလေးတွေနဲ့
ရင်ဝကို ထိုးစိုက်သွားတယ်
" လူတစ်ယောက်ကို သစ္စာမဖောက်ရဲဘူး " တဲ့
ငါ့အသိအာရုံတွေ
တုန့်ဆိုင်းသွားတဲ့ ရိုက်ခတ်သံ
ကာရန်မပါတဲ့ မျက်ရည်တစ်စက်
အို .......ကွဲအက်လွန်းလိုက်တာ ။

မာရ်နတ်မင်းသမီးလေးရယ်
ငါ့ရင်နဲ့ လွယ်ထားတဲ့ သားကောင်တွေ
မခိုင်မာသေးခင်
စိုက်ပျိုးထားတဲ့ ကြယ်တစ်စင်း
မလင်းလက်သေးခင်
ကြယ်စင်လေးရယ် ......အကြွေစောလိုက်တာ ။


ကျေပါစေတော့ လို့
ငါ တောင်းဆုမပြုတော့ပါဘူး
မတွေ့နိုင်တော့တဲ့ အိပ်မက်တွေအတွက်
ငါ .....အိပ်ဆေးလဲ မသောက်တော့ပါဘူး
ပျံသန်းသွားတဲ့ မိုးတိမ်ရယ်
ကဗျာတစ်ပုဒ်တော့ ရွာချခဲ့ပါ
မိုးရဲ့သည်းထန်ခြင်းတွေထဲမှာ
ငါ .....ပျော်ဝင်ပါရစေ
ပျော်ဝင်ခြင်း အခမ်းအနားနဲ့
ငါ့ဘဝကို အဆုံးသတ်ပါရစေ
ရင်မှာ ထစ်ဆို့ မွန်းကြပ် ခါးသီးလွန်းလို့ပါ ။

ဝတ်မှုံရေ ...............
ယစ်မူးရီဝေစေတတ်တဲ့
မင်းရဲ့မာယာစက်ဝိုင်း ခါးခါးလေးထဲမှာ
ငါ ...... ချာချာလည်ရင်း
ဘယ်တော့မှ တိုက်စားလို့ မကုန်နိုင်တဲ့
ကမ်းပါးတစ်ခုရဲ့ရှိုက်သံမျိုးတွေနဲ့
ကြွေ....ကြွေ ....ကြွေ.....နေ......ဆဲ ၊

ဒီလိုနဲ့
ငွေနှင်းရည်တွေလိုပါပဲ
ငါ့ဘဝရဲ့ အရိပ်ဆန်ဆန်ပုံပြင်တွေကို
ချစ်သူရယ် ...........
မင်းပဲ ထုဆစ်ထားနိုင်ခဲ့ပါတယ် .......။

အနီးဆုံး အဝေး

အနေကျွမ်းပေမယ့်
လှမ်းရမှာ ခက်တယ်ဟာ ၊

သူငယ်ချင်း သစ္စာနဲ့
သိက္ခာကို ကိုယ်တိုင်ဖျက်လို့
ချစ်တာကို မဆိုရက်တော့
မြိုဝှက်လို့ တွယ်တာ ၊

သူမသိပေမယ့်
သူငြိတွယ် အစဉ်အမြဲ
သူရှိတဲ့ တို့ရင်ထဲ
ကြည်နူးတယ် တကယ်ပဲမို့
ချစ်အသဲ ဝဲချာချာ
လွဲခါတယ် တအား ၊

တိတ်တခိုးနဲ့ပဲ
မြတ်နိုးသူ တို့ရင်ထဲမှာ
သူငယ်ချင်းသိက္ခာကြောင့်
ချစ်တာကို မဆိုရက်တော့
မျက်နှာချင်း အကျွမ်းတဝင်နဲ့
သူ့တွေ့ရင် အနေခက်ပါရဲ့
ရင်ထက်မှာ အခြေပျက်လို့
ရှက်တယ် သိလား . . . . . ။

အာဘွား

မရိုင်းစမ်းပါနဲ့
နမ်းပါလှည့် ကိုကို ၊

အကြင်နာ နွေးနွေးလေးနဲ့
ညင်အသာ မွှေးမွှေးပေးလို့
တေးဖွဲ့မယ်ဆို ၊

မျက်လွှာလေး မှေးမှိတ်လို့
ချစ်သွေးရိပ် စိုစို
ရင်ဖိုမယ့် ဘာဘွား ၊

အို ….ကိုကို
ရှက်သွေးခို ချိုမြသွားအောင်
မြန်မြန်လာထား ….။

ငါ့မာနနှင်းဆီ

အချစ်တစ်ခုရဲ့ ခြေတော်ရင်း
ကျပျောက်သွားခဲ့တဲ့ ငါ့မာနနှင်းဆီ
မနက်က ငါ ပြန်ရှာတွေ့လိုက်ပြီ
ရှာတွေ့ခြင်းအထိမ်းအမှတ်အနေနဲ့
ဖိနပ်ဝယ်ခိုင်းခဲ့ဖူးတဲ့ ငါ့ချစ်သူ
သူ့ကို အိပ်မက်မမက်ရကောင်းလားဆိုပြီး
ခဏ ခဏ အမျက်တော်ရှလွန်းတဲ့ စုဖုရား
ဥမ္မာဒန္တီဖြစ်ချင်လွန်းတဲ့ ငါ့ရည်းစား
အားလုံး အားလုံး အားလုံးကို
မနက်ကပဲ သုဿာန်ထုတ်ပစ်လိုက်တယ်
ဘာလဲ . . . . . . .?
ရည်မှန်းချက်ကြီးမားသော အခွင့်အရေးသမားဆိုပြီး
စစ်သူကြီး နပိုလီယံအတွက်
ကမ္ဘာ့သမိုင်းဆရာတွေရဲ့ မှတ်ချက်နဲ့
ငါ့ကို ထိုးနက်ချင်သေးသလား
လာခဲ့စမ်းပါ
ဘုရားဆိုသူတွေရဲ့
စကားလုံးအကြီးကြီးတွေကို ခဏငှါးပြီး
အသေထုသတ်ပစ်မယ် ………။

ရဲဘော်ရဲဘက်သို့ အိတ်ဖွင့်ပေးစာ

ဆင်းရဲခက်ခဲ ကြပ်တည်းခဲ့စဉ်တုန်းက
ရဲဘော်ရဲဘက်စိတ်တွေ ခမ်းခမ်းနားနား
တစ်ယောက်ဝေဒနာ တစ်ယောက်ခံစား
လောကဓံမုန်တိုင်းကြားထဲမှာ
သစ္စာပန်းတွေ ပွင့်လို့…မေတ္တာရနံ့တွေ ဝင့်လို့
လွမ်းတယ် သူငယ်ချင်း
ကံနဲ့ ကံရဲ့အကျိုးကျေးဇူးတွေ
အလုပ်နဲ့ ထိုက်တန်တဲ့ခံစားခွင့်တွေ
နေရာတွေ ပိုင်ဆိုင်စရာတွေ
အခု ကြည့်စမ်း….. မီးလောင်ပြင်မှာ ပန်းတွေပွင့်လာပြီ
မင်းပြောကြည့်စမ်းပါ
ဒါတွေက ခွဲဝေစရာလိုသလား
ဒါတွေအတွက် အကြမ်းဖက်စရာလား
ငါ့မျက်နှာပေါ်ကို ခပ်ပြင်းပြင်းနင်းပြီး
အာဇာနည်သူရဲကောင်း ဆုတံဆိပ်ကို
ဘာလို့ တစ်ယောက်ထဲ ပိုင်ဆိုင်ချင်နေရတာလဲ
ရဲဘော်ရဲဖက်စိတ်တွေ ဘယ်မှာလဲ
ပြီးတော့ သစ္စာတွေ မေတ္တာတွေကော ….
ငါ အရမ်းအံ့သြဝမ်းနည်းတာပဲ
ကံသာရှိပြီး ကံရဲ့အကျိုးကျေးဇူးတွေ မရှိချင်နေ
အလုပ်သာရှိပြီး ထိုက်တန်တဲ့ခံစားခွင့်ကို မရချင်နေ
မီးလောင်ပြင်မှာ မီးတွေသာ ဆက်လောင်နေပါစေ
ဆင်းရဲခက်ခဲကြမ်းတမ်းတဲ့ အရင်ဘဝလေးကိုသာ
ငါ ပြန်လိုချင်မိတယ် ………..။

မုသားစောင်းကြိုး

တို့တစ်တွေ ဝေးသွားကြတဲ့အခါ
လွမ်းပါ့မယ်လို့ ငါ့လက်မှတ်ထိုးမထားဘူး
မတည်းဖြတ်ရသေးတဲ့ ပုံပြင်ကို
ငါ ရုံတင်မပြနိုင်ပါဘူး

” မေ့ကွက်ကိုရှာ … မောင့်အချစ်မျှားစူး “
အဲဒီ စာလုံးတွေ ခံစားချက်တွေကို ငါမယစ်မူးဘူး
စန္ဒယားခုံပေါ် ထိုင်မိတိုင်း
သံစဉ် ညိမ့်ညိမ့်ညှင်းညှင်းလေးတွေကိုသာ
စွဲစွဲမြဲမြဲ တီးခတ်တတ်ပေမယ့်
ငါလိုက်ဟဲတာ နင်တွေ့ဖူးလို့လား
ဈေးကွက်စီးပွားရေးစနစ်ထဲ ရောက်သွားတဲ့နင့်အချစ်က
ငါ့အလွမ်းဖြစ်ရမှာလား

ဟင် …..မကျေနပ်ဘူးပေါ့ ဟုတ်လား
မုသားကို အလင်္ကာပန်းပန်ပေးတိုင်း လှတယ်ဆိုရင်
လိမ်တာကို လိမ်ပါတယ်လို့ဝန်ခံတိုင်း သစ္စာဖြစ်တယ်ဆိုရင်
စောင်းသံတိုးတိုးလေးကိုပဲ ငါ ခတ်လိုက်ပါရစေ
နင် သေပျော်ပါစေ
နင့်ကို ငါ အရမ်း အရမ်းလွမ်းနေပါတယ် ……။

နင်ရှာနေတဲ့ နတ်သမီး

တစ်ဖက်ထဲရှိတဲ့ဖိနပ်ကို ငါမစီးဘူးချစ်သူ
ငှက်ကလေးတွေ လိပ်ပြာကလေးတွေဟာ
တောင်ပံတစ်ဖက်ထဲနဲ့ ပျံကြလို့လား
ဇာတ်သိမ်းခန်းမပါတဲ့ဝတ္ထုကို နင်ကြိုက်လား
နားရွက်တွေဟာ အပိုလို့ နင်ယူဆနေပြီလား
ရက်စက်မသွားလိုက်ပါနဲ့ချစ်သူ
ပြေးလွန်းရင် မောပါတယ်
ဝေးလွန်းတော့ လွမ်းလာတယ်
ငါ့ဆီ ပြန်လာခဲ့ပါ
နင်ရှာနေတဲ့ နတ်သမီး
ဟော့ဒီက ….. ငါ့ရင်ဘတ်ကြီးထဲရှိတယ် ။

Wednesday, December 24, 2014

လပြာသိုနှင့် မြခွါညို


လဆန်းပြာသို ၊
မြခွါညို နွယ်ခွေပန်းကို
ကမ်းလင့်လို့ကြို ၊
ပန်းပွင့်တခို
နှင်းစိုစို ငွေရည်ဆမ်း ၊
မြခွါညို ရာသီပန်းရယ်
ချမ်းလို့တုန်စမ်း ။


မြပန်းခွါညို ၊
လပြာသို ရင်ခွင်နန်းမှာ
လှမ်းရောက်လို့ခို ၊
ကမ်းထောက်အကြို
သင်းထိုထို ရနံ့ဆမ်း ၊
နှင်းစိုစို နှစ်ကိုယ်လမ်းဝယ်
နွမ်းရက်တွေ ခမ်း ။

ညချမ်းမှာဆို ၊
လပြာသို ငွေရည်ဖြန်းလို့
ချမ်းတဲ့ခွါညို ၊
နမ်းလှည့်ပါဆို
ရနံ့ကို လည်ပြန်ဆမ်း ၊
လပြာသို မသန်စွမ်း
မြခွါညို အပြန်လမ်းဝယ်
လွမ်းကြစတမ်း.......။

ဥပေက္ခာ

ပန်းဝေတိုင်းလည်း
နှိုင်းပြစရာ ၊ ရင်မှာမရှိ ။

ပန်းကြွှေတိုင်းလည်း
ရိုင်းပြစရာ ၊ စိတ်မှာမရှိ ။

သခင် သိသိ ၊ မသိမိစေ
စိတ်၏ဝေဒနာ ၊ မဖြစ်ပါပဲ
ကဗျာမရေး ၊ ကလောင်ဆွေးစဉ်
အနွေးထည်မပါ ၊ လက်ချည်းလာလျှက်
ဗလာရင်ထဲ ၊ ကြက်ခြေဆွဲကာ
အသဲစကား ၊ မင်နီတား၍
တံခါးပိတ်ပြီး အိပ်နေပြီ .....။

မင်းကျန်စစ်၏ အမျိုးသားရေးလမ်းညွှန်


ဟိုး ရှေးယခင်
ရာဇဝင်တပိုင်း ၊ ပုဂံတိုင်းဝယ်
သမိုင်းထင်ပေါ် ၊ အကျော်ဧကရာဇ်
မင်းကျန်စစ်၏ ၊ ရင်နှစ်ချာသည်း
သမီးသိင်္ဂီ ၊ ရွှေအိမ်စည်သည်
နေပြည်မျိုးဆက် ၊ တင့်ထက်တင့်ရေး
တင့်သောနေပြည် ၊ ခိုင်ခံ့တည်ရေး
တည်သောမျိုးဆက် ၊ မပြိုပျက်ရေး
အတွေးကြည်ဖြူ ၊ မရှိမူ၍
အယူကွဲပြား ၊ လူမျိုးခြားနှင့်
နှစ်ပါးတစ်ကိုယ် ၊ ရွှေရင်ဖိုလျှက်
တေးဆိုယစ်မူး ၊ ဖျပ်ဖျပ်လူးကာ
စိန်ခြူးကြာညောင် ၊ ညဥ့်သန်းခေါင်ဝယ်
ဖွဲ့နှောင်သောကြိုး ၊ ရစ်ရစ်တိုး၍
မြတ်နိုးနှစ်ခြိုက် ၊ လမ်းမှားလိုက်ခဲ့ ။
စိတ်၏အကြိုက်
အလိုလိုက်ပြီး ၊ အမိုက်ကြီးသည့်
သမီးဖြစ်ပုံ ၊ အကြောင်းစုံသည်
မလုံထင်ရှား ၊ ပေါ်ပေါက်ကြား၍
တစ်ပါးဖခင် ၊ ထီးလိုင်ရှင်၏
နားတွင်ချဉ်းသော်-
“ မင်းဧကရာဇ် ၊ ငါကျန်စစ်၏
ရင်နှစ်ချာသည်း ၊ ဟဲ့ ချစ်သမီး
မှူးကြီးမတ်ရာ ၊ ပြည်ရွာလူမှ
ကြားက,မတော် ၊ မပေါ်ဇာတ်ရိုး
အမျိုးမတူ ၊ အယူကွဲပြား
တပြည်သားကို ၊ သနားရလော
မြတ်သောသင့်သော ၊ မစစ်ကြောဘဲ
အရောတဝင် ၊ မြတ်နိုးကြင်က
တိုင်းကြီးတိုင်းငယ် ၊ အသွယ်သွယ်၌
မျိုးနွယ်တိမ်ကော ၊ မဖြစ်လော “ ဟု
သောသောညံညံ ၊ ရာဇမာန်ဖြင့်
သည်းထန်စကား ၊ မိန့်မြွက်ကြား၍
ရင်သားသိင်္ဂီ ၊ ရွှေအိမ်စည်ကို
နေပြည်ငွေဝန်း ၊ ပမာထွန်းသည့်
စောယွန်းမင်းလက် ၊ ပေးအပ်ဆက်၍
ရတက်မအေး ၊ ဒီအရေးကို
အမြန် ဆေးကြောပစ်ခဲ့ပြီ ။
မျိုးဆက်နွယ်ဖွား ၊ တည်တံ့သွားရေး
သွေးသားနွယ်ဆွေ ၊ သန့်စင်စေရေး
တို့မြေတို့အမျိုး ၊ ဦးမကျိုးရေး
မျိုးနွယ်တိမ်ကော ၊ မလွင့်မျှောရေး
အတွေးဖြင့်လျှင် ၊ ဇာတ်ကြောင်းပြင်လျှက်
နွယ်စဉ်မျိုးဆက် ၊ မပြိုပျက်ရန်
ပုဂံလမ်းခွင် ၊ နန်းရင်ပြင်မှ
သွန်သင်ညွှန်ကြား ၊ စကားကမ်း၍
မှာတမ်းပမာ ၊ ထားခဲ့ပါသော
မဟာမျိုးချစ် ၊ မင်းကျန်စစ်၏
မည်းညစ်မထင် ၊ ကြေးမုံပြင်ကြောင့်
ရာဇဝင်တပိုင်း ၊ ပုဂံတိုင်းသည်
သမိုင်း လှခဲ့လေသည်တကား …….။
The Guidance to National spirit of King Kyansithar
******************************************
Many years ago, there was a Princess named Shweeinsi who was the daughter of very prominent Monarch Kyansithar of Bagan.
Princess Shweeinsi neglected to ponder deeply to take responsibilities for her country, such as, to protect her dynasty, to preserve her kingdom firmly, and not to vanish existing Myanmar race.
Instead, she fell in love with the one of different race and religion indulging in her passionate love, and committed a mistake.
When King Kyansithar knew about her who wallowed in romance irresistibly and crazily, he became extremely furious and reprimanded his daughter, " It is comprehensively unacceptable that you indulge in the one of different race and religion as my daughter who is the Princess of the Kingdom. I felt embarrassed to let it spread throughout my kingdom. Don't you consider deeply the disappearance of our race, religion, nation and dynasty ???".
Then , the King instantaneously decided his daughter, Shweeinsi, to marry the Prince Sawyonmin so as to protect the disappearance of race, religion, nation and dynasty.
With the purpose to maintain the Myanmar generation firmly, to purify the blood of Buddhism, not to miss the impression of being the country of Buddhism, not to vanish the dynasty, the King Kyansithar, who was a true patriot, admonished his daughter, and the incident of his bold decision so as to preserve and protect race, religion, kingdom, and dynasty, indeed adorned the Bagan history significantly.

တို့နိုင်ငံ

တို့ဘာသာ တို့ဓလေ့နဲ့
တို့မွေ့တဲ့ တို့ပြည် ၊
တို့စေတီ တို့ဘုရားနဲ့
တို့များရွှင်ကြည် ၊
တို့နိုင်ငံ့ နေခြည်
တို့ကိုယ်စီ မြတ်နိုး ၊
တို့အားသစ် ညီညီနဲ့
တို့ဋ္ဌာနီ ဂုဏ်ရည်တင့်အောင်
တို့ဆင့်ဆင့် ပိုး ။

တို့လမ်းစဉ် တို့စနစ်နဲ့
တို့ချစ်တဲ့ တို့နိုင်ငံ ၊
တို့ဘိုးပိုင် အမွေစစ်မို့
တို့ထိပ်မှာ ပန် ၊
တို့ပြည်ဟေ့ အတန်တန်
တို့ဖန်ဖန် ဟစ်ကြုံး ၊
တို့ဇာတိ ရဲမာန်နဲ့
တို့နိုင်ငံ ရန်မဖက်အောင်
တို့ဆက်ဆက် ရုန်း ။
တို့ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့
တို့သုခုမ ပညာ ၊
တို့စာပေ တို့သမိုင်းနဲ့
တို့တိုင်းသာယာ ၊
တို့နိုင်ငံ့ စဉ်အလာ
တို့ရင်မှာ ၀ပ်ကိန်း ၊
တို့မြေးမြစ် တခေတ်တိုင်ထိ
တို့နိုင်ငံ ခိုင်မာရစ်စေဖို့
တို့ကျစ်ကျစ်ထိန်း ............။
*** Our Nation***
=================================
This is our land...
we live on delightedly with our religion, Buddha Sāsanā, and our custom;
we live on peacefully by paying obeisance to our Lord Buddha and pagodas.
Since we all adore our land and water fondly, we must protect and preserve our nation unitedly with all our might, in order to glorify and exalt our nation.
This is our land...
we live on, in accordance with our own practice and system;
we truly inherited from our ancestors.
We proclaim repeatedly " This is our land; we love it".
It is a must that we all strive with national spirit and patriotism, in order not to be attacked by others.
This is our pleasant and peaceful nation with our own culture, fine arts, literature, and history. It is inevitable to take root our valuable traditions in our hearts, and we all need to preserve and protect our nation in order to continue to exist firmly and permanently until the time of our descendants or generations.


ဆောင်းရာသီရဲ့ သဘင်



ဆောင်းရောက်ပြီလေ
ရာသီစိုစွတ် ၊ မိုးလေလွတ်၍
နှင်းဆွတ်နတ်တော် ၊ ပုရစ်အော်စဉ်
တောတွင်ပျော်ကြ ၊ ငါ့မိဘတို့
လမ်းစမရှိ ၊ ခြုံအိအိမှာ
ကြည့်စမ်းကြည့်စမ်း ၊ ခိုက်ခိုက်ချမ်းလည်း
ကိုင်းတန်းသစ်ငုတ် ၊ အမြစ်ပြုတ်အောင်
ခုတ်၍ခုတ်၍ ၊ ထွန်သွားမွေ့လျှက်
မျိုးစေ့ချရာ ၊ မြေရိုင်းလွှာကို
နောင် လာ တစ်ခေတ် ၊ စိုက်ပျိုးဖြစ်အောင်
အားသစ်ကိုဆင် ၊ ယာသစ်ထွင် သည်
နေဝင် သည်ထိတိုင် ။

ကြည့်စမ်းကြည့်စမ်း ၊ နေ ရောင် ဆမ်း၍
အချမ်းလည်းပြေ ၊ မြေခဲကြေ သော်
အဆွေယောက်ျား ၊ ကိုင်းသမားလည်း
နားချိန်ကိုတွက် ၊ ထွန်တုံးဖျက်ကာ
ချိုးငှက်လည်းကူ ၊ ဘုတ်လည်းပူသည့်
ဂမူတောင်စောင်း ၊ မီးပုံဟောင်းမှာ
ရွယ်ကောင်းတင့်တယ် ၊ အိမ် ရှင့်မယ်၏
စားဖွယ်သောက်ဖို့ ၊ လာအပို့ကို
လာနို့လာနိုး ၊ စောင့်မျှော်ကိုးသည်
ရွာရိုးမကြည့် မနေနိုင် ။
သြော် ....တောမှာမွေး၍
တောဓလေ့နှင့် ၊ တောငွေ့ကိုခင်
တောတွင်ပျော်ကြ ၊ ငါ့မိဘတို့
ဆောင်းလပီပီ ၊ ဒီရာသီ၌
ချမ်းအေးလိုက်ပုံ ၊ ခိုက်ခိုက်တုံလည်း
ရေကုန်ရေခမ်း ၊ ပင်ပင်ပန်းနှင့်
စွမ်းရာဘက်က ၊ ဝန်ထမ်းကြလျှက်
ရသည့်သီးနှံ ၊ မြဲမြဲမြံလျှင်
သမ္မာဇီဝ ၊ ဖြစ် ရဖို့တွေး
အသက်မွေးသည်
မလေးစားပဲ မနေနိုင်........။

** လူကောင်း စာတတ် ဖြစ်ကြစေ **


ဘုရား တရား သံဃာများရဲ့
ကိုးပါး ခြောက်ပါး ဂုဏ်တော်တွေ ၊
နှလုံးအိမ်ဆီ ရောက်အောင် ပို့လို့
နေ့စဉ်ရိုကျို့ ရှိခိုးလေ ။

လူ့လောကတွင် လူပီသဖို့
ကိုယ်ကျင့်သီလ ရှိအောင် နေ ၊
ငါးပါးပဉ္စသီ ပြစ်အကျိုးကို
သိ၍ တိုးလို့ ကျင့်တတ်စေ ။

ကုသိုလ်ပြုလျှင် မမေ့ကောင်းတဲ့
ဆုတောင်းသမျှ ဣဒံ မေ ၊
ပုညံ နိဗ္ဗာန် ပစ္စယောလို့
ဖြောင့်ဖြောင့်သဘော ထားတတ်စေ ။

အမျိုးဘာသာ ဂုဏ်မညှိုးဖို့
တန်ဘိုးသိအောင် လေ့လာလေ၊
ဖတ်ဖို့စာတွေ အကုန်ဖတ်လို့
လူကောင်း စာတတ် ဖြစ်ကြစေ ။

**-- စောင့်ခေါ်ပါနော် --**


ကြည့်စမ်းဒီမှာ
မြက်ပြာတောက ၊ သဲဖြူရွခင်း
အမျှင်ပိုက်ထွေး ၊ လမ်းကလေးလေ ။

လမ်းလျှောက်လို့လာ ၊ မေ့မှာနွမ်းယဲ့
ကြောက်အားနွဲ့ပြီး ၊ ငိုမဲ့ချင်တုန်း
အတင်းပြုံးလဲ ၊ ခွေနှုံးပါပြီ
ဖော်လဲမှီနိုင် ၊ ဟိုဆီချိုး၍
ဒီမှာကွေ့ခဲ့ ၊ ပြေး၍လျှောက်လာ
ခုထိပါကွယ် ။

ပုရစ်ပေါ်လို့
ရွက်ရော်ရွှေလိပ် ၊ မြေမှာအိပ်ပြီ
တိုးတိတ်ငှက်ဖို ၊ သီချင်းဆိုစဉ်
သစ်ပျိုကိုင်းကြား ၊ ငုံ့လျှိုးသွားခဲ့
မြသားမိုးခြေ ၊ ပူသည့်နေအောက်
နွေပွင့်ကိုခူး ၊ နွေလေရူးမှာ
နွေဦးကိုလည်း တွေ့ခဲ့ပါရဲ့ ။

သစ်ညွှန့်ထွက်၍
ရှုပ်ယှက်လမ်းမှာ ၊ မြရွက်ကာဆီး
နွယ်ညှာကိုစမ်း ၊ မမြင်ကမ်းနှင့်
တိမ်ပန်းလျှပ်စက် ၊ မှောင်မှာပျက်တုန်း
လေသက်မုန်တိုင်း ၊ သစ်ကိုင်းကျိုးကျွတ်
ပစ်ခတ်ထက်ချွန် ၊ ငွေမြားတံတွေ
သည်းထန်မိုးကို တိုးခဲ့တယ်မောင် ။

မိုးတိမ်လေးတွဲ့
 လေအေးမြောက်ပြန် ၊ နှင်းသွန်ဆို့ပိတ်
ကိုင်းထိပ်သစ်ပင် ၊ ညှို့ညှို့မြင်ရ
ပင်ပေါ်ပန်းပွင့် ၊ ဆောင်းလေသင့်မှာ
ရှူ ပင့်သက်ဖို ၊ မေ့တစ်ကိုယ်လေ
စွတ်စိုချမ်းတုန် ၊ နှင်းမှုန်မှုန်တို့
ဖုံသည့်လမ်းမှာ ပန်းခဲ့ပါရှင့် ။

လက်ကမ်းပါမောင်
ညင်သာမွေ့မွေ့ ၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း ၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော် ၊ အော်ဆိုရအောင်
ချိုမြမျက်ရည် ၊ ပျော်လို့လည်မိ
ဒီလမ်းအဆုံး ၊ တုံးမှတ်တိုင်ထိ
ပွေ့ကိုင်ဖေးကာ ၊ စောင့်ခေါ်ပါနော် ။

ကြည်အေး(တာရာမဂ္ဂဇင်း၊ ၁၉၄၉)

** ကိုယ်သာလျှင် မိမိဘဝရဲ့ပဲ့ကိုင် **



နေ့ရက်ရှည်ကြာ
ရေပြင်မှာလူး ၊ ဖြတ်ကာကူးသော်
လှေဦးပန်းတိုင် ၊ ဖြောင့်ဖြူးနိုင်ရန်
ပဲ့ကိုင်သူသာ ပဓာန ။

ရေလမ်းစပြီ
ဒေါထမုန်တိုင်း ၊ ထင်ရာစိုင်း၍
ရေလှိုင်းကိုပိုင် ၊ ခိုင်းစေနိုင်လည်း
ပဲ့ကိုင်သောသူ ရှိသေး၏ ။

ခရီးရွေ့လျား ၊ လမ်းကြောင်းမှား၍
ရေကြားယိမ်းယိုင် ၊ ဘေးတွေ့ဆိုင်လည်း
ပဲ့ကိုင်သောသူ ရှိသေး၏ ။

ပဲ့ကိုင်ရှိ၍
လှိုင်းမိရေကြား၊ တိမ်းပါးယိမ်းချော်
သေမင်းခေါ်လည်း
ဦးတော်မညွှတ် ၊ မှန်းမချွတ်ပဲ
ထိန်းကွပ်သွားနိုင်ပါသေး၏ ။

ပဲ့ကိုင်မရှိ ၊ မိုက်တိမိုက်မဲ
အားခဲ၍လျှင် ၊ ခရီးနှင်မူ
အမြင်တုံ့ဆိုင်း ၊ အထင်ရိုင်း၍
လှိုင်းလေရေကြား ၊ လမ်းမှောက်မှားကာ
စိတ်အားတပ်ပျက် ၊ မှန်းချက်သွေခွါ
ခန္ဓာအသက် ၊ သူ့ကိုဆက်၍
ပုပ်ရက်ရှည်အောင် နေရမည် ။

အို ခရီးသည်
နေ့ရက်ရှည်ကြာ
ရေပြင်မှာလူး ၊ ဖြတ်ကာကူးသော်
လှေဦးပန်းတိုင် ၊ ဖြောင့်ဖြူးနိုင်ရန်
ပဲ့ကိုင်သူသာ ပဓာန ။
------------------------------------------------
***The helmsman of your life is
YOU***

For many days...
While crossing the ocean...
on the pitching and tossing boat...
to reach your destination straight and safely...
the helmsman, YOU, are instrumentally essential to steer your boat...

Since at the start of the voyage...
Severe and furious storm does as it pleases and directs the violent and roaring waves....
no matter how rough the ocean is...there is a helmsman who is YOU...

On the journey..
even though the wrong direction is misled,
the perils of the journey are encountered ..there is a helmsman who is YOU...

Since you are steering the boat...
no matter how rough the sea is, and overturning of the boat calls for your death, YOU can handle your boat without surrender...

If you are on the voyage foolishly without any helmsman...there is no hope to see the shore, but you just guess the path...stormy and furious ocean misleads into wrong direction...
results in mental disarray, and veers away from your destination...
Although you survive...there is a long journey ahead to move on for many days...

Oh, traveller...
For many days...
While crossing the ocean...
on a pitching and tossing boat..
to reach your destination straight and safely...
the helmsman, YOU, are instrumentally essential to steer your boat...
...........................